Friday, July 27, 2012

နေကွယ်ခဲ့ရတဲ့လမင်း

                                                  နေကွယ်ခဲ့ရတဲ့ လမင်း

 “ကျွီ .....”     “အုန်း .....”     “ဒိုင်း .....”     “အား .....”     ရုတ်တရက် အာမေဋိတ်သံတွေကြောင့် အသံကြားရာဆီကို အာရုံရောက်သွားသည်နှင့် အကြည့်က ရောက်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး လူတွေအုံးအုံးကျက်ကျက်ဖြစ်သွားသည်။ အချိန်က ဝေလီဝေ လင်းမို့ သေချာသဲကွဲစွာ မမြင်ရ။ စပ်စုချင်စိတ်ကြောင့် ခြေထောက်က တင်ပလ္လင်ခွေ ထိုင်နေရာက ထပြီး သား ဖြစ်သွားသည်။     ဘေးက ဈေးရောင်းဖော်တစ်ယောက်ကို ခဏကြည့်ခိုင်းထားခဲ့ပြီး အခင်းဖြစ်တဲ့နေရာကို အပြေးသွားလိုက်သည်။ သွေးအိုင်ထဲမှာ လူတစ်ယောက်က လဲလို့။ ကြာကြာမကြည့်ရဲတာနှင့်ပဲ အပြေးပြန်ခဲ့ လိုက်သည်။ ကိုယ့်ဆိုင်ပြန်ရောက်တော့ ဈေးဝယ်တွေကျနေသည်မို့ ဈေးရောင်းတဲ့အထဲမှာ စိတ်က ရောက် သွားတော့သည်။     ဈေးကွဲတော့မှ မနက်က အကြောင်းကို ပြန်ပြီးစပ်စုမိရသည်။ စပ်စုမိကာမှ အကုန်အစင်သိခဲ့ရတော့ သည်။ xxxxx     မနက် ဈေးရောင်းထွက်တိုင်း ဒီမြင်ကွင်းက မရိုးနိုင်အောင် မြင်နေရသည်။ ဘယ်တော့မှ မရိုးနိုင်သလို ဘယ်တော့မှလဲ အထူးတလည်မဟုတ်ပဲ လှည့်ကြည့်နေရသည့်အဖြစ်။ သားဖြစ်သူ ကိုအောင်ကြီးက မအေ ဖြစ်သူ ဒေါ်အေးမိကို ငယ်ငယ်ကတည်းက အတော်ချစ်ရှာသည်။     ဇာတိရပ်မြေ ဘယ်ကဆိုတာ အတိအကျမသိရပေမဲ့ ကိုအောင်ကြီးအသက်နဲ့အမျှတော့ ဒီတောမကျ မြို့မရောက် ဒေသလေးကို ရောက်လာခဲ့သည်။ ဒေါ်အေးမိလို့မဖြစ်ခင် မအေးမိဘ၀မှာကတည်းက သူများ အိမ်မှာ အငှားနေပြီး ဈေးတောင်းခေါင်းရွက်ပြီး ၀မ်းကျောင်းလာခဲ့သည်။     မအေးမိရဲ့ အပြောအဆိုကောင်းမှု၊ ဖော်ရွေမှုတွေကြောင့် အနီးအနားပတ်ဝန်းကျင်လေးမှာ မအေးမိကို မသိသူမရှိသလောက် ဖြစ်နေသည်။ သုံးလေးလကြာတော့ မအေးမိရဲ့ ပုံစံက ထူးခြားလာသည်။ အဲဒါက သူမဟာ အပျိုစင်လို့ ထင်နေသူများကို ပူပူလာတဲ့ ဗိုက်က အအိုတစ်ယောက်၊ အိမ်ထောင်သည်တစ်ယောက် လို့ လူသိရှင်ကြားမသိခင်မှာ အမျိုးမျိုးအထင်ခံခဲ့ရသည်။ လူတောထဲမှာနေတဲ့ အခိုက်မှာ လောကဓံကို ကြံ့ ကြံ့ခံပြီး နေခဲ့သည်။     သူမရဲ့ရုပ်ရည်၊ အပြောအဆိုတွေကြောင့် ပုရိသတော်တော်များများက လက်ဆက်ဖို့ ကြိုးစားသည်။ ဘယ်လိုပဲ ချဉ်းကပ်ချဉ်းကပ် လက်မခံခဲ့။ ပတ်ဝန်းကျင်ကလဲ သနားသဖြင့် နားချကြသည်။ ဘယ်လိုပဲ ပြောပြော သူမကတော့ အပြုံးလေးနှင့်သာ ခေါင်းရမ်းခဲ့သည်။      မကြာတဲ့လပိုင်းအတွင်းမှာပဲ သားတစ်ယောက်ကို မွေးဖွားခဲ့သည်။ပတ်ဝန်းကျင်ရဲ့ ကူညီစောင်မမှုနဲ့ အဆင်ပြေအောင် နေနိုင်ခဲ့သည်။ ကလေးမွေးပြီး နှစ်ပတ်လောက်ပဲ နားလိုက်သည်။ ဈေးပြန်ရောင်းပြီး အလုပ်ကို ပြန်လုပ်သည်။ ငွေကို စုစောင်းသည်။ နေပူမရှောင်၊ မိုးရွာမရှောင် လုပ်ခဲ့သည်။     သားသည် မိခင်တစ်ယောက်အဖို့ သားစိတ်နှင့် ဘ၀ကို ရဲရဲရင်ဆိုင်ခဲ့သည်။ ဘယ်တော့မှ မပြောင်းလဲ  တဲ့ သူမရဲ့စိတ်ကတော့ ဘယ်တော့မှ အိမ်ထောင်မပြုတော့ခြင်းပဲ ဖြစ်သည်။ ဘယ်လိုအကြောင်းတရားတွေ ဆိုတာ မသိရပေမဲ့ မုဆိုးမအဖြစ်ကနေ ဘယ်တော့မှ မပြောင်းလဲတဲ့ သူမရဲ့စိတ်ဓာတ်က ချီးကျူးစရာ ကောင်းသည်။ ×××     တစ်ရက်ကတော့ သူနှင့် ရုပ်ချင်းဆင်သည့် လူတစ်ယောက် ဈေးကအပြန်မှာ ပါလာသည်။ နှစ်ရက် လောက်နေပြီး ပြန်သွားသည်။ ရောက်လာတဲ့သူနှင့်ပတ်သက်ပြီး ဘာမှတော့ ပြောသံမကြားရ။ ပတ်ဝန်းကျင် ကတော့ စပ်စုသည်။ သူမက ဘာမှ မဖွင့်ဟခဲ့။ ပတ်ဝန်းကျင်ရဲ့ မျက်စေ့အောက်မှာ သူမက အသွားအလာ မပျက်ခဲ့။ မျက်နှာတစ်ချက်မပျက်ခဲ့။     ရက်တွေလတွေနှစ်တွေ ကုန်ဆုံးသွားပြီးတဲ့နောက်မှာတော့ သားတစ်ယောက်ကို လူတန်းစေ့အောင် ကြိုးစားပြီး တင့်တောင်းတင့်တယ် ပြုစုပျိုးထောင်နိုင်ခဲ့သည်။ သားတစ်ယောက်ကို ဖအေမပါပဲ တစ်မိထဲ ပြုစု နိုင်ခဲ့သည့် သူမရဲ့သတ္တိကတော့ ပတ်ဝန်းကျင်မှာ မပြောပဲ မနေနိုင်အောင် ဖြစ်ရသည်။     ပိုပြီးအံ့သြစရာကောင်းသည်က သားနှင့်ပတ်သက်တဲ့ နေရာတိုင်းမှာ သူမနာမည်ရှိနေခဲ့ခြင်းပဲ ဖြစ် သည်။ ကျောင်းထားတော့လဲ အုပ်ထိန်းသူအမည် ဒေါ်အေးမိပဲဖြစ်သည်။ အလုပ်တစ်ခုရတော့လဲ သားရဲ့ အုပ်ထိန်းသူအမည် ဒေါ်အေးမိပဲ ဖြစ်ခဲ့သည်။     ဘ၀လောကဓံဆိုတာ တစ်ခါတစ်ရံမှာ ကြောက်စရာလည်း ကောင်းသည်။ ဘ၀ကို ဈေးတောင်းခေါင်း ရွက်ပြီး သမားရိုးကျဖြတ်သန်းခဲ့၊ လောကကြီးအပေါ်မှာ မကောင်းတာတွေ မလုပ်ခဲ့ပါပဲနှင့် အလုပ်ဒဏ်တွေ ခံခဲ့ရသည်။ ဖြေဆေးအဖြစ် ကံကံ၏အကျိုးဟုသာ ရိုးမယ်ဖွဲ့ရတော့မည်။     သူမရဲ့အသက် လေးဆယ်ကျော်ပဲရှိသေးသည့်အရွယ်မှာပဲ သွေးဆုံးကိုင်တာလိုလိုနှင့် လေဖြတ်သွား ခဲ့သည်။ ကိုယ့်အိုးကိုယ့်အိမ်လေးနှင့် သားအမိနှစ်ယောက်ဘ၀မှာ မကြောင့်မကျနေနိုင်ချိန်မှာ မအေးမိက ကျန်းမာရေးမကောင်းဖြစ်သည်။ အဲဒီမှာပဲ သားဖြစ်သူနှင့်ယူမည့် ကောင်မလေးက မအေးမိလို ဒုက္ခိတကို ပြုစုရမှာကြောက်ပြီး ရှောင်သွားသည်။     ကံဆိုးမသားအမိလို့ပဲ ပြောရမည်လား၊ မအေးမိအတွက် ကံကောင်းသည်လား မပြောတတ်တော့။ သားဖြစ်သူကတော့ ကောင်မလေးရှောင်သွားကတည်းက အလုပ်တစ်ဖက်နှင့် မအေကို ပြုစုသည်။ မအေရှိ နေသေးသရွေ့ ဘယ်တော့မှ အိမ်ထောင်မပြုတော့ပဲ နေတော့မည့်အကြောင်း မအေကို ပြောပြတော့ မအေ မှာ ၀မ်းသာဝမ်းနည်းနှင့်။     မအေးမိအတွက် အိုဇာတာက ကောင်းသည်။ မနက်အိပ်ယာနီုးလျှင် မအေဖြစ်သူကို တွန်းလှည်းလေး ပေါ်တင်ပြီး လမ်းမကြီးတစ်လျှောက် တွန်းပြီး မြို့အစွန်က လယ်ကွင်းပြင်တွေမှာ လေကောင်းလေသန့်ရ အောင် လိုက်ပို့ပေးသည်။ တွန်းလှည်းပေါ်မှာ မလှုပ်မယှက်နိုင်ပေမဲ့ မျက်နှာမှာ သနပ်ခါးက အဖွေးသား၊ ခေါင်းမှာလည်း ဘီးဆံပတ်က အုန်းဆီရောင်နှင့် ပြောင်လက်နေသည်။ ဘီးဆံပတ်ကြားမှာ ပန်းတစ်ပွင့် ဒါမှမ ဟုတ် ပန်းတစ်ကုံးက သူလှုပ်ရှားသွားလာတုန်းကအတိုင်း ပန်းအပြတ်မခံခဲ့။ မအေဖြစ်သူကို နည်းနည်းလေး မှ အငြိုအငြင်မခံခဲ့။     မအေဖြစ်သူကလည်း သားတစ်မျက်နှာကို တစ်ဘ၀စာ ပုံအပ်ခဲ့သည်။ သားဖြစ်သူကတော့ မအေ့တစ် ဘ၀လုံးအတွက် သူ့အသက်နှင့်အမျှ ပုံပေးထားခဲ့သည်။      ညနေရောက်ရင် တွန်းလှည်းလေးနဲ့အတူ လမ်းကြားလေးက ထွက်လာတဲ့ သူတို့သားအမိရဲ့  ပုံသဏ္ဍာန်က မရိုးနိုင်အောင် မြင်နေကြရသည်။ သားရုံးတက်ချိန်မှာ ဘေးကနေ အကူတစ်ယောက်နှင့် ထား ခဲ့သည်။ ပြန်လာမှ ထမင်းဟင်းချက်သည်။ ခေါ်ထားသည့်ကောင်မလေးက ထမင်းဟင်းတောင် ချက်ခွင့်မပြုပဲ မအေအတွက်ပဲ ပြုစုခိုင်းသည်။ အ၀တ်လည်း ကိုအောင်ကြီးက ကိုယ်တိုင် လျှော်ပေးသည်။     ညရောက်ရင် မအေကို လေဖြတ်တဲ့ တခြမ်းလုံးကို ဆေးလိမ်းပေးသည်။ နှိပ်ပေးရင်း ဘုရားစာရွတ် ပေးသည်။ စာဖတ်ပြသည်။     ရုံးအားရက်တွေမှာတော့ ဒီမြို့လေးရဲ့ လူမှုရေးလုပ်ငန်းတွေမှာ တစ်တပ်တစ်အား ပါဝင်လှုပ်ရှားပေ သည်။ ကိုအောင်ကြီးတို့ သားအမိကို လူတိုင်းလိုလိုက ချစ်ကြသည်။     သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးတွေကို ကိုအောင်ကြီးက ထိပ်ဆုံးမှ ပါဝင်လှုပ်ရှားပေးခဲ့သည်။ မအေနှင့် နှိုင်းစာပြီး သက်ကြီးရွယ်အိုမှန်သမျှကို စောင့်ရှောက်သည်။ စနေ၊ တနင်္ဂနွေနေ့တိုင်းမျာ အနီးအနားက ရွာစွန်ရွာဖျားတွေအထိ ကျောထောက်နောက်ခံမရှိတဲ့ သက်ကြီးရွယ်အိုတွေကို တစ်အိမ်တက် ဆင်း ကျန်းမာရေး၊ စားဝတ်နေရေးစောင့်ရှောက်ပေးသည်။     မအေးမိဘ၀ကနေ ဒီပတ်ဝန်းကျင်မှာ ဒေါ်အေးမိတွေဖြစ်ပြီးတဲ့နောက် ဘွားမိဖြစ်လာတဲ့အထိ လေဖြတ်ဝေဒနာက လှုပ်နိုင်တယ်ဆိုရုံအဆင့်လောက်သာ ကောင်းခဲ့သည်။ ကိုအောင်ကြီးဆိုတဲ့ အခေါ်အ ဝေါ်တွေက ဦးလေးအောင်ဖြစ်လာခဲ့ပြီ။ မအေရဲ့ အလုပ်တွေ လူမှုရေးလုပ်ငန်းတွေနဲ့ပဲ အချိန်ကုန်လွန်ခဲ့သည်။     ရက်တွေလတွေအစဉ်မပြတ် လည်ပတ်နေသလို ဦးလေးအောင်တို့ သားအမိရဲ့ တွန်းလှည်းလေးက လည်း မနက်ဆိုရင် လမ်းကြားလေးကနေ ထွက်လာမြဲပဲ ဖြစ်သည်။ မနက်တစ်ခါ ညနေတစ်ခါ တွေ့နေကြပုံစံ လေးကတော့ ပြောင်းလဲမသွားခဲ့။ ဒါပေမဲ့ ….. ×××××     ဒါပေမဲ့ တစ်ရက်မှာတော့ အခြေအနေတွေက ပြောင်းလဲသွားခဲ့သည်။ ထူးထူးခြားခြား အခါတိုင်းရက် တွေထက် ဒီနေ့က စောသည်။ ဒီလမ်းလေးထဲမှာ တွန်းလှည်းလေးက အခါတိုင်းလိုပဲ တစ်ရွေ့ရွေ့။ လမ်းမကြီးနှင့် လမ်းကြားလေးအစွန်းထိ ဘေးနှစ်ဖက်မှာ အုတ်တံတိုင်းမြင့်မြင့်တွေ ကာရံထားသည်။ လမ်းက ကျဉ်းပေမဲ့ အခါတိုင်းမှာ ဘာမှ မဖြစ်ပေမဲ့ ဒီနေ့တော့ ဘယ်လိုမှ မဖြစ်စေချင်တဲ့ ကိစ္စတစ်ခုက ဖြစ်သွားခဲ့ သည်။     ဖြစ်ချင်တော့ ဘေးက ညဈေးတန်းသိမ်းလာတဲ့ အသုပ်စုံတွန်းလှည်းကလည်း လမ်းကြားလေးထဲကို တွန်းဝင်လာသည်။ တွန်းလှည်းနှစ်ခုအရှောင်မှာ ဦးလေးအောင်ရဲ့ လက်က တွန်းလှည်းလက်ကိုင်အလွတ် လမ်းကြားနှင့် လမ်းမအဆင်းလေးမှာ အရှိန်နှင့်လိမ့်သွားတော့သည်။      ဟွန်းမတီးပဲ မောင်းလာတဲ့ ကားကလဲ အရှိန်က အရမ်းအပြင်းကြီးတော့ မဟုတ်။ ဖြည်းဖြည်းပဲ မောင်း လာသည်။ ဒါပေမဲ့ အရှိန်က အနှေးနှင့်အမြန်တော့ ရှိသေးသည်။      ရုတ်တရက် ဖမ်းအုပ်လိုက်တဲ့ ကားဘရိတ်သံ ကျွီကနဲမြည်သံအောက်မှာ လူတစ်ယောက်က အားဆိုတဲ့ အော်သံနှင့်အတူ အသက်ပျောက်သွားသည်။ တွန်းလှည်းလေးနဲ့ ရုတ်တရက် အတွေ့မှာ ကွေ့လိုက်တဲ့ကားက အုန်းကနဲလူကိုဝင်တိုက်ပြီး ပလက်ဖောင်းဘေး ဓာတ်တိုင်ကို ၀င်စောင့်သည်။ ကားက ရပ်အသွားနှင့် ကားဘေးမှာ သွေးအိုင်ထဲကို လဲကျသေဆုံးနေသည့် အလောင်းက။     အသံတွေတစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်သွားတာ မကြာလိုက်ပေမဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းက မြင်ရ သူတွေကို ရင်တလှပ်လှပ်ဖြစ်ကျန်ရစ်စေခဲ့သည်။ ဖြစ်စဉ်တွေအဆုံးမှာ ကားကြိတ်ခံထားရတဲ့ ဦးလေးအောင် ရဲ့ရုပ်အလောင်းက သွေးအိုင်ထဲမှာ ရုပ်ပျက်ဆင်းပျက်။ ဘေးက တွန်းလှည်းလေးနားမှာ သားရဲ့ဘ၀ဇာတ် သိမ်းကို မမှိတ်မသုန်ကြည့်နေရှာတဲ့ ဘွားမိ။     အခါတိုင်းထက် အချိန်နည်းနည်းလေးစောသွားသည်။ ထို့အတူပါပဲ ဖြစ်စဉ်တွေက မြန်ဆန်လွန်းနေ သေးသည်။ စောလည်းစောလွန်းနေသေးသည်။ အချိန်တွေနာရီတွေကိုသာ ပြန်ရွှေ့လို့ရလျှင် ဖြစ်စဉ်တွေကို ပြန်ပြီး ရွှေ့ပြောင်းပေးလိုက်ချင်သည်။     ပြောင်းလဲမှုဖြစ်စဉ်တွေရဲ့အကြားမှာ ကောင်းတဲ့ရလဒ်တစ်ခုတော့ ဖြစ်သွားခဲ့သည်။ အဲဒါက အနှစ်နှစ် အလလက ကြိုးပမ်းခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ဖို့ လူအိုရုံလေးက အဘွားမိနှင့် စတင်ခဲ့ ရသည်။     အခုတော့ ….     သားရဲ့အသက်နှင့်ရင်းပြီး ဖြစ်တည်လာတဲ့ လူအိုရုံလေးထဲမှာ ဘွားမိက သားသမီးနှင့်မခြား ပြုစုစောင့် ရှောက်သူတွေကြားမှာ ယောဂီဝတ်စုံလေးနှင့် ……။

No comments:

Post a Comment

ပျော်ရွှင်စရာကမ္ဘာလေးဖြစ်ပါစေ